သစ်တောသယံဇာတ ရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြွက်ကြားသည့် အဖွင့်မိန့်ခွန်း

သစ်တောသယံဇာတ၊ သတ္တုသယံဇာတ စတဲ့ သယံဇာတတွေကို နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထုတ်ယူသုံးစွဲတဲ့အခါမှာ ဆိုးကျိုးသက်ရောက်မှု နည်းနိုင်သမျှနည်းပြီး နိုင်ငံတော်အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်စေတဲ့ အခြေအနေ တစ်မျိုးရရှိအောင် စီမံခန့်ခွဲရမှာဖြစ်ပါတယ်။ အကျိုးအားသာချက် ပိုမိုကောင်းမွန်တဲ့ အခိုက်အတန့်တွင် လူမှုဝန်းကျင်တစ်ခုဟာ ဖွံ့ဖြိုးတိုးတက်သွားတတ်ပြီး အားနည်းချက်တွေ၊ အပြစ်တွေ များလာတဲ့အခါမှာတော့ ပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်ပေါ်လာ တတ်တာသဘာဝဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ စီမံခန့်ခွဲသူအနေနဲ့ ပြန်လည်သုံးသပ်ခြင်း၊ လေ့လာဆန်းစစ်ခြင်းတွေနဲ့အတူ မူဝါဒ၊ ရည်မှန်းချက်၊ စီမံကိန်းအသစ် ပြန်လည်ချမှတ်ရေးဆွဲအကောင်အထည်ဖော်မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မယ့် အခြေအနေကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဖိုးတန်သစ်တောသယံဇာတများ ရေရှည် တည်တံ့စေရန်နှင့် နောင် သားစဉ်မြေးဆက်များသို့ ကောင်းမွန်စွာ လက်ဆင့်ကမ်း အမွေပေးနိုင်ရန် အတွက် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်ကြဖို့ အထူးလိုအပ်ပါတယ်။ လက်ရှိ သစ်တော သယံဇာတများ ထပ်မံဆုံးရှုံးမယ်ဆိုရင် သဘာဝဂေဟစနစ် ချို့ယွင်းပျက်စီးခြင်းနှင့်အတူ ရာသီဥတု ဖောက်ပြန်ခြင်းများလည်း ပိုမိုဆိုးဝါးစွာ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ NGOs၊ INGOs များ ဆက်စပ်ဌာနများနှင့် တာဝန်သိပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုများဖြင့် လည်းကောင်း၊ နည်းလမ်းမျိုးစုံအသုံးပြု၍ သစ်တောသယံဇာတများအား ပြုစုထိန်းသိမ်းခြင်းနှင့် ကာကွယ်တားဆီးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

အဲဒီလို နည်းလမ်းမျိုးစုံဖြင့် သစ်တောသယံဇာတများအားထိန်းသိမ်းကာကွယ်လျက်ရှိသော်လည်း ရောင်းဝယ်ခြင်း ပြုလုပ်သူများအနေဖြင့် တာဝန်ရှိဝန်ထမ်းများအား နည်းလမ်းမျိုးစုံဖြင့် ချဉ်းကပ်ပြီး လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း ဆောင်ရွက် လျက်ရှိတာကို သိရှိရတဲ့အတွက် စစ်ဆေးဖော်ထုတ်ပြီး အပြစ်ပေးအရေးယူမှုများလည်း ဆောင်ရွက်ခဲ့ရပါတယ်။

ဒါ့အပြင် တရားဝင်သစ်ထုတ်ခွင့် သယ်ဆောင်ခွင့်နှင့်ကုန်ကြမ်းမှ ကုန်ချော ထုတ်လုပ်ရောင်းချပြီး ပြည်ပပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များအပေါ်မသမာမှုများ ဖြစ်ပေါ်လျှက်ရှိသဖြင့် နိုင်ငံ တော်၏အဖိုးတန်သဘာဝသယံဇာတများပြုန်းတီးခြင်းနှင့်အတူ ရသင့်ရထိုက်သည့်နိုင်ငံ့ဘဏ္ဍာအခွန်ငွေများဆုံးရှုံးနစ်နာလျက်ရှိပါ တယ်။

သစ်တောသယံဇာတများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ထိရောက်စွာ ဟန့်တားနိုင်မှသာ မြန်မာနိုင်ငံရှိ အဖိုးတန်သစ်တောများအား စနစ်တကျ စီမံအုပ်ချုပ်နိုင်ပြီး ရေရှည်တည်တံ့ရေး ထိန်းသိမ်းကာကွယ်နိုင်မှာဖြစ်ပါတယ်။

ယနေ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ သစ်တောမူဝါဒ ဖော်ပြချက်များနှင့်အညီပြည်သူများအတွက် သစ်၊ ထင်း၊ ဝါး အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်ခတန်ဖိုးပေးချေခြင်းလုပ်ငန်းများ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

ယနေ့ပြုလုပ်တဲ့အလုပ်ရုံဆွေးနွေးပွဲကို ရည်ရွယ်ချက် (၄)ခုနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

(က)    သစ်ထုတ်လုပ်မှုကို သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းနှင့်အညီ ဆောင်ရွက်ရန်၊

( ခ )   တန်ဖိုးမြှင့် သစ်တောထွက်ပစ္စည်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်၊

( ဂ )   အဂတိလိုက်စားမှု လျော့နည်းပပျောက်စေရန်၊

(ဃ)    တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ခိုးထုတ်မှုများ ပပျောက်စေရန်တို့ ဖြစ်ပါတယ်။

ယနေ့ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ “ သစ်တောသယံဇာတရေရှည်တည်တံ့ရေး” ဆိုတဲ့ ခေါင်းစဉ်နှင့်အညီ သစ်တောသယံဇာတတွေရေရှည်တည်တံ့နိုင်ရေး ထုတ်ယူသုံးစွဲခြင်းကိစ္စရပ်များကိုအတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်။

   ယနေ့ မြန်မာနိုင်ငံသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာသည်နှင့်အညီ ပြုပြင်ပြောင်းလဲ မှုများနှင့် ဖြေလျော့မှုများလည်း များစွာပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ဖြေလျော့မှုများပြုလုပ်ပေးလျက်ရှိပြီး ဖြေလျော့ပေးခဲ့သည့်လုပ်ထုံးလုပ်နည်းနှင့် တရားမဝင် သစ်တောသယံဇာတ ကုန်သွယ်မှုဆိုင်ရာ ဆက်စပ်ပတ်သက်မှုများနှင့် စပ်လျဉ်းပြီး ဆက်လက် ကျော်လွှားနိုင်မည့် အခက်အခဲများနှင့်ဖြေရှင်းနိုင်မည့်နည်းလမ်းများအား အကြံပြုဆွေးနွေးကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒါ့အပြင် “သစ်တောသယံဇာတ ရေရှည်တည်တံ့ရေးအတွက် သစ်ထုတ်လုပ်မှု လျော့ချခြင်း၊ ရပ်နားခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်မည့် အကျိုးရလဒ်များ” ၊ “ပုဂ္ဂလိကကဏ္ဍ သစ်အခြေခံစက်မှုလုပ်ငန်းများနှင့် ပြည်ပပို့ကုန်တန်ဖိုးမြှင့်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သင့်သည့်နည်းလမ်းများ” စသည်တို့ကို ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးအကြံပြုပါလို့တိုက်တွန်းရင်း ကောင်းမွန်တဲ့ရလဒ်များထွက်ပေါ်လာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

© 2024   Myanma Timber Enterprise. All Rights Reserved.